မိုင်းဆတ် နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (TCRC) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ကလေးသူငယ်များ၏ အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်၊ လူကုန်ကူးမှုအန္တရာယ်များ၊ အသက်မပြည့်သေးသူကလေးသူငယ်များ အလုပ်စေခိုင်းခြင်းဆိုင်ရာများ၊ ကလေးသူငယ်များ၏ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ကလေးငယ်များ ကိုယ်တိုင်သိရှိနားလည်ပြီး မိမိကိုယ်ကိုကာကွယ်နိုင်စေရန် စသည့်ကလေးသူငယ်များနှင့် ပတ်သက်၍ ကော်မတီမှဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာများနှင့် အသိပညာပေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစည်သူ က ကလေးသူငယ်များနှင့် ပတ်သက်၍ မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)