တာမွေမြို့နယ်တွင် Lock Down အသွားအလာကန့်သတ်နေထိုင်သူ အိမ်ထောင်စုများအား (Team KG) မှ ဟင်းသီးဟင်းရွက်နှင့် အစားအသောက်များလှူဒါန်း

ရန်ကုန် စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉  ပိုးတွေ့လူနာများ ဖြစ်ပေါ် နေခဲ့ရာ အဆိုပါ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်ဆံမှုရှိခဲ့သူများကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွား ခြင်းများ မဖြစ်ပေါ်စေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေး တို့အတွက် မိမိတို့ နေအိမ်များတွင် Lock Down  အသွားအလာ ကန့်သတ်ထားရှိ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အသွားအလာကန့်သတ်ထားသည့် သမိန်ဗရမ်းလမ်းနှင့် ဓမ္မဒါနလမ်းထောင့်ရှိတိုက်မှ အခန်း (၁၁) ခန်း၊ အာသောကလမ်းမှ တိုက်ခန်း(၉)ခန်း၊ ဓမ္မဒါနလမ်းမှ တိုက်ခန်း(၃)ခန်းနှင့် နတ်ချောင်း ရပ်ကွက် ဓမ္မဒါနလမ်း မေတ္တာမွန်အိမ်ရာမှ တိုက်ခန်း(၄)ခန်း၊ စုစုပေါင်း တိုက်ခန်း(၂၇)ခန်းရှိ အိမ်ထောင်စု (၂၇)စုတို့အတွက်  အိမ်ထောင်စု တစ်စုလျှင် ဟင်းသီးဟင်းရွက်(၈)မျိုးစီ လှူဒါန်းပေး ခဲ့ပြီး နံနက်စာကြာဇံကြော် (၁၁၂)ဘူး တို့ကို " ကိုကြီးနှင့် ညီအစ်ကို မောင်နှမများ ပရဟိတအဖွဲ့ (Team KG)"မှ ယမန်နေ့ကသွားရောက် လှူဒါန်းပေးခဲ့သည့်အပြင် အလှူရှင်တစ်ဦးမှ လှူဒါန်း သော အရသာထူးခြားကောင်းမွန်သည့်  WA LONE LAY PIZZA    (ဝ လုံးလေး ပီဇာ)မှ လှူဒါန်းသည့် ပီဇာ (၂၈)ခုကိုလည်း အလှူရှင်များကိုယ်စား သွားရောက်ပေးအပ်လှူဒါန်းရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့်  ယခုလို ဟင်းသီးဟင်းရွက်များနှင့် အစား အသောက်များ လှူဒါန်းပေးခြင်းဖြင့် အသွားအလာကန့်သတ်ထား ရှိသည့် မိသားစုဝင်များ၏ စားသောက်ရေး အဆင်ပြေ စေရေးကို ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်​ကြောင်း  သတင်းရရှိသည်။

မို့မို့အောင်