စစ်တွေ အောက်တိုဘာ ၃၁
စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ကြွယ်နှင့် ဦးမြင့်စိုးတို့က ကလေးအလုပ်သမားပပျောက်ရန် နိုင်ငံတော်အနေဖြင့် စီမံချက်များချမှတ်ဆောင်ရွက်နေမှု၊ ကလေးအလုပ်သမားပပျောက်ရေးကော်မတီဖွဲ့စည်းထားမှု၊ ရခိုင်ပြည်နယ် ကလေးအလုပ်သမားပကျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေမှု၊ ကလေးအလုပ်သမားများအား သတ်မှတ်ထားသည့် အသက်အရွယ်အပိုင်းအခြား၊ အသက်မပြည့်သေးသည့်ကလေးများကို အလုပ်ခိုင်းစေခွင့် ရှိ၊ မရှိ၊ ကလေးအလုပ်သမားများကို အကာကွယ်ပေးသည့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ ကလေးအလုပ်သမားများ ဖြစ်ပေါ်လာရသည့် အဓိကအကြောင်းအရာ များနှင့် ကလေးအလုပ်သမားလျော့နည်းရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့်အချက်များ စသည်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားကြသည်။
စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများအား အခမဲ့ငှားရမ်းပေးခြင်း၊ ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ်များကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်း