ပုသိမ်ကြီး အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်များမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က ပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးဝင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံဘာသာရပ်၊ ဘဏ္ဍာရေးဘာသာရပ်၊ ပညာဌာနဘာသာရပ်(၁)နှင့်(၂)၊ စီမံကိန်းစာရင်းအင်းမှတ်တမ်းဘာသာရပ်၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်ခြင်း ဘာသာ(၁)၊(၂)နှင့် နယ်စပ်ဌာနဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသော ကျောင်းအုပ်ကြီးများမှ အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အထက်တန်း(ခွဲ)၊ အလယ်တန်း၊ အလယ်တန်း(ခွဲ)၊ မူလတန်းလွန်ကျောင်း၊ မူလတန်းကျောင်းနှင့် မူလတန်း(ခွဲ)ကျောင်းတို့မှ ကျောင်းအုပ်ဆရာ/ဆရာမကြီး (၁၁၄)ဦးတို့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို (၂)ရက်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)