ရေး စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မဟာမဲခေါင် မြစ်ဝှမ်း ကျန်းမာရေးလုံခြုံမှု စီမံချက်၊ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်သည့်သုံးသပ်ဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များနှင့် ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသုံးသပ်ဆွေးနွေးပွဲတွင် မြို့နယ်ကုတင် ၁၀၀ ဆံ့ ဆေးရုံအုပ်ဒေါက်တာ သက်ပိုင်က အဖွင့်အမှာစကားပြောကြားပြီး ခေတ္တ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်ဇော်က ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွါးပျံ့နှံ့နေမှု အခြေအနေနှင့် မြို့နယ်အတွင်း ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြော ကြားပြီးနောက် မြို့နယ် ကျန်းမာရေးမှူး အဆင့်(၁) ဦးအောင်ဇော်ထိုက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည့် ခရီးသွား ပြည်သူများအား ရန်ကုန်တိုင်း ဒေသကြီး (Stay at home) နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံး ဝင်သည့် မြို့နယ်များမှ ခရီးသွားပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံကြီး ဝန်ထမ်း အိမ်ယာသီးသန့်အဆောင်ရှိ ကန့်သတ်စောင့်ကြည့် စခန်းတွင် ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူမှုရေးအသင်းအဖွဲ့များကိုယ်စား အောင်မင်္ဂလာ လူငယ်အသင်းမှ ဦးဇော်မျိုးမင်း က မြို့နယ်အတွင်း သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အချိန်နှင့် တစ်ပြေးညီ ပါဝင် လုပ်ဆောင်ပေးလျှက်ရှိကြောင်း ပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၏ သိရှိလိုသည့်အချက်များကို ပြန်လည်ဆွေးနွေး ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)