ကျိုက်ထို အောက်တိုဘာ ၃၁
ကျိုက်ထိုမြို့နယ်တွင် (၇၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၇ ရက် နေ့လည် ၁၂ နာရီတွင် ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မဟာဘုံကထိန်ဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။
ကျိုက်ထိုမြို့နယ် လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲကို နှစ်စဉ်နှစ်တိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်ပေါင်း (၅၅) ကျောင်းတွင် သီတင်းသုံးလျက် ရှိသည့် သံဃာတော်အရှင်မြတ်များနှင့် ရှင်သာမဏေများအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဆွမ်းဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပဒေသာပင်များ ဆက်ကပ်လှူဒါန်းပွဲအား ကျင်းပလျက်ရှိသည်။
ယခုနှစ်ကျင်းပမည့် (၇၃) ကြိမ်မြောက် မဟာဘုံကထိန်ပွဲတွင် ကျောင်းတိုက်ပေါင်း (၅၅) တိုက်မှ ရဟန်း (၅၂၆) ပါး သာမဏေ (၂၇၄) ပါး စုစုပေါင်းရဟန်း သာမဏေ (၈၀၀) ပါးတို့အား ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် နှစ်စဉ်နှစ်တိုင်းလှူဒါန်းနေကြ အလှူ့ဒါယကာများဖြစ်သည့် တပ်ရင်းတပ်ဖွဲ့များ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ အသင်းအဖွဲ့အစည်းများ၊ ပြည်သူ့ဈေးမိသားစုများ၊ မော်တော်ယာဉ်အဖွဲ့အစည်းများ၊ သုံးဘီး/အနှေးယာဉ် အဖွဲ့အစည်းများနှင့် ရပ်နီးရပ်ဝေးအလှူရှင်များက အလှူတော်ငွေနှင့် ပဒေသာပင်ပစ္စည်းများကို နောက်ဆုံးသတ်မှတ်ထားသည့် နိုဝင်ဘာ ၅ ရက်နေ့ မတိုင်မီလာ ရောက်ပို့ဆောင်လှူဒါန်းလျက်ရှိပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် မဟာဘုံကထိန်ကျင်းပရေး အကျိုးတော်ဆောင်အဖွဲ့မှ ကြီးမှူး၍ မဟာဘုံကထိန်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)