မြင်းခြံ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိကြောင်း မြင်းခြံခရိုင် ပြည်သူ့ဆေး ရုံအုပ်ကြီး ဒေါက်တာ ထွန်းဝင်းထံမှ သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇) ဦးအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ထွန်းဝင်းနှင့် ယာယီတွဲဖက် ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ထွန်းဇော်တို့က "ဆေးရုံဆင်းခွင့်ရသော်လည်း မိမိနေအိမ်တွင် (၇) ရက်တိတိ ဆက်လက်အနားယူနေထိုင်ရမည်ဖြစ်ကြောင်း၊ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများကို သီး သန့်ထားရှိအသုံးပြုစေ လိုကြောင်း၊ မိသားစုများနှင့်အတူ ရောနှော နေထိုင်ခြင်း မပြုဘဲ သီးခြား နေထိုင်ကာ မိတ်ဆွေများကိုလည်း မိုဘိုင်းဖုန်း(သို့) Online မှသာ ဆက်သွယ်ပြောဆိုစေကြောင်း၊ အိမ်ရှိ အများသုံးပစ္စည်းတစ်ခုကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနှင့် ရေကို အသုံးပြု၍ စက္ကန့်(၂၀) ကြာအောင် လက်ကိုစနစ်တကျဆေးကြောခြင်း(သို့) အယ်လ်ကိုဟော ၆၀ % ပါဝင်သော လက်သန့် စင်ဆေးရည်ကို အသုံးပြုစေကြောင်း၊ ဆေးရုံဆင်းပြီး (၁) ပတ်အကြာ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ညွှန်ကြားထားသည့် အတိုင်း ပြန်လည်ပြသရန် လိုအပ်ပါကြောင်း" စသည်ဖြင့် မှာကြားခဲ့သည်။
ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇)ဦးအား တစ်ဦးလျှင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ခေါက်ဆွဲခြောက် တစ်ဖာ၊ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးမှ Mask တစ်ဘူးနှင့် Face Shield တစ်ခု၊ ဆပ်ပြာ တစ်တုံး၊ ဂုဏ်ပြု နှင်းဆီပန်း တစ်ပွင့်စီအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး လတ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းနှင့် ယာယီတွဲဖက် ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ထွန်းဇော်တို့က အသီးသီးပေးအပ်ခဲ့ကြသည်။
ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇)ဦးအား မြင်းခြံမြို့ နားရေးကူညီမှု ပရဟိတအသင်းနှင့် အဖြူရောင်လက်များ ပရဟိတအသင်း ကားများဖြင့် အိမ် အရောက်လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စက်တင်ဘာလ (၁၇) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၅၃) ဦးထိ ရှိနေပြီး ယနေ့ စက်တင်ဘာလ (၁၈) ရက်နေ့တွင် (၇) ဦး ဆေးရုံဆင်းခွင့်ရရှိသည့်အတွက် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ (၄၆) ဦးရှိကြောင်း မြင်းခြံခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းက ပြောသည်။
ကျော်စွာ(မြင်းခြံ)