တံတား အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀:၃၀)နာရီ အချိန်က တံတားမြို့ အမှတ် (၄) ရပ်ကွက် အတွင်းရှိ အ.မ.က (မူလွန်) ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတ များရရှိစေရန်၊ စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ စာအုပ်စာပေ လူမိတ်ဆွေဆိုသည့်အတိုင်း စာပေသည်မိမိတို့၏ မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရန် ယခုလိုဟောပြောပွဲများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်ပြပွဲများ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (တံတား)