ဝမ်းတွင်းမြို့နယ်တွင် မြေပဲဖော်ချိန် ဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

ဝမ်းတွင်း အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ထနောင်းကုန်းကျေးရွာရှိ မြေပဲစိုက်တောင်သူများအနေဖြင့် မြေပဲများဖော်ချိန်တွင် အထွက်နှုန်းကောင်းကာ ဈေးကောင်းလဲရရှိတာကြောင့် တောင်သူများအဆင်ပြေကြောင်း တောင်သူဦးကျော်ငြိမ်းထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ် ထနောင်းကျေးရွာရှိ ကွင်းအမှတ်(၁၄၇၂)နှင့်(၁၄၇၃) ကွင်းရှိ မြေပဲစိုက်တောင်သူများမှာ ဩဂုတ်လဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့သော မြေပဲများအား စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း (၉၀-၁၀၀) ကြားတွင် တူးဖော်ခဲ့ရာ မိုးလေဝသကောင်းမွန်တာကြောင့် မြေပဲဖော်ချိန်တွင် အထွက်နှုန်းကောင်းသည့်အပြင် ထွက်ရှိသည့်မြေပဲများဈေးကောင်းရရှိတာကြောင့် ယခုနှစ်မြေပဲစိုက် တောင်သူများအဆင် ပြေကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြေပဲဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၂၅၀၀၀)ကျပ်ပေါက်ဈေးရှိပြီး တစ်ပြည်ခြင်းဈေးအနေ ဖြင့်(၁၅၀၀)ဈေးရှိကာ မြေပဲဖော်သူ ပဲစွပ်သူ လက်စားသမားများအနေဖြင့်လည်း ပဲ(၁)တင်းရလျှင် (၃)ပြည်ရရှိတာကြောင့် အဆင်ပြေကြကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် ထနောင်းကုန်းကျေးရွာတွင် ယခုနှစ်တွင် မြေပဲစိုက်တောင်သူ(၄၀-၅၀) ဦးကြားရှိကာ စိုက်ပျိုးဧကအနေဖြင့် ဧက(၇၀) ကျော်ရှိကြောင်း အဆိုပါကျေးရွာရှိ တောင်သူများအနေဖြင့် မြေပဲအပြင် အခြားသောသီးနှံများဖြစ်သည့် စပါး၊ ငရုတ်၊ ဝါ၊နှမ်းများကိုပါ စိုက် ပျိုးတာကြောင့် မိုးလေဝသကောင်းမွန်ပြီး စိုက်ပျိုးသီးနှံများဈေးကောင်းရသောနှစ်များတွင် တောင်သူများအနေဖြင့် အမြတ်အစွန်းများရရှိ၍ မိသားစုဘဝများအဆင်ပြေတိုးတက်ကြကြောင်း တောင်သူဦးကျော်ငြိမ်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)