နမ္မတူမြို့နယ်၌ ကြားဖြတ်တိရိစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း သင်တန်းဖွင့်

နမ္မတူ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း နှစ်အလိုက် တိရစ္ဆာန်ကောင်ရေ တိုးပွား/လျော့နည်း ခန့်မှန်းနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံချက်များ ဆောင်ရွက်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများထုတ်လုပ်မှု အတည်ပြုနိုင်ရန်၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အာဟာရဆိုင်ရာစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေတိုးပွားမှုစံနှုန်းများ ပြင်ဆင်တွက်ချက်ရန်၊ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ကောင်ရေစုစုပေါင်းကို အနီးစပ်ဆုံးအတည်ပြုနိုင်ရန် ရည်ရွယ်၍ ကြားဖြတ်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းသင်တန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ယနေ့နံနက်(၁၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အမှာစကားပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ညီညီသန့်က မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စု၊ ကျေးရွာ ၂၈ ရွာရှိ အိမ်ထောင်စု ၈၀၀ ကျော်တွင် ကြားဖြတ်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ၂၀ ရာခိုင်နှုန်းဖြစ်ပြီး ကျွဲ၊ နွား၊ မြင်း၊ ဝက်၊ ဆိတ်၊ သိုး၊ ခွေး၊ ကြက်ကောင်ရေစာရင်းများ ကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် ယခုလိုစာရင်းကောက်ယူသည်မှာ ငါးကြိမ်ရှိပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရန်လိုအပ်သည့် အချက်အလက်များကို သင်ကြားပို့ချဆွေးနွေးခဲ့ရာ သင်တန်းသို့ ကြားဖြတ်တိရစ္တာန်ကောင်ရေစာရင်း ကွင်းဆင်းကောက်ယူမည့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများတက်ရောက်ခဲ့ကြကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ညီညီသန့်ထံက သိရသည်။

လူမော် (ပြန်/ဆက်)