သံဖြူဇရပ် စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေးလုပ်ငန်း နှင့် သဘာဝဘေး အန္တရာယ်အသိပညာပေးလုပ်ငန်းကို မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်း အား ယနေ့နံနက်ပိုင်းမှစတင်ကာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့လိုက်လံ နှိုးဆော်လျက် ရှိကြောင်းသိရသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာ၌၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ထွေး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက၊မြို့နယ်အတွင်းရှိရပ်ကွက်အသီးသီးတွင် မီးသတ် ယာဉ်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့် အညီလိုက်နာဆောင်ရွက်ရန်၊ ပြည်သူများ တတ်နိုင်သမျှ မိမိနေအိမ် တွင်သာနေထိုင်ရန်၊ မဖြစ်မနေအပြင် ထွက်ခွါရမည်ဆိုပါက နှာခေါင်းစည်း(Mask )များကို စနစ်တကျ တပ်ဆင် ပြီးမှသွားလာကြရန်၊လူစုလူဝေးများကိုရှောင်ရန်၊မကြာခဏ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးရန်၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှပြန်လာသူများသည် မိမိနေထိုင်ရာ ရပ်ကွက်အတွင်း ရောက်ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိသူများအား အသိပေးအကြောင်းကြားရန်နှင့် မိမိကိုယ်တိုင် ရောဂါရှာဖွေဓာတ်ခွဲ စမ်းသပ်မှုပြုလုပ်ထားသူများနှင့် ထိတွေ့သွားလာခဲ့ခြင်းရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသတင်းပို့ ပြောကြားရန် စသည့်အချက်များကို နေ့စဉ်တစ်နေ့လျှင် (၄)ကြိမ် လိုက်လံနှိုးဆော်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးထံမှ သိရသည်။
အေးအေးသီ(ပြန်/ဆက်)