သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သီပေါ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီးပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်နာကြရန်စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးပြေငြိမ်းက လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ စုပေါင်းမဟာဘုံကထိန် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊  မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်စန်းစန်းအေးမှ တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ စာရေးဝန်ထမ်းများမှ ၎င်းတို့တာဝန်ကျကျေးရွာများတွင် လိုအပ်လျက်ရှိသော ပညာရေးဝန်ထမ်းများနှင့်ပတ်သက်၍လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီးအပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဌာနဆိုင်ရာများနှင့် လစဉ်(၁၅)ရက်နေ့တွင်တစ်ကြိမ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းနှင့် တစ်ကြိမ်၊ တစ်လလျှင်(၂)ကြိမ်၊ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)