ကွမ်းခြံကုန်း စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကွမ်းခြံကုန်းမြို့နယ်မှ လှိုင်သာယာ မြို့နယ်သို့ ပြေးဆွဲနေသော YBS(၄၉)အမြန်ယာဉ်ငယ်အသင်းမှ ယာဉ်မောင်းများအား အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒုတိယအကြိမ် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်မှုကို ယမန်နေ့ နံနက်ပိုင်း က ကံကြီးမကျီးရပ်ကွက်ရှိ အမြန်ယာဉ်ငယ်အသင်း ဂိတ်ရုံးတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကူးစက်မြန် ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားလာမှုလျော့နည်းလာသဖြင့် ယာဉ်မောင်းများ စားဝတ် နေရေးအခက်အခဲကို တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ (၄၉)အမြန်ယာဉ်ငယ် အသင်းတွင်ပြေးဆွဲနေသော ယာဉ်အစီး ရေ(၅၈)စီးရှိပြီး ယခုအချိန် တွင် တစ်စီး၊ နှစ်စီးလောက်သာ ပြေးဆွဲမှုရှိကြောင်း၊ ကိုဗစ်ကာလအစောပိုင်းတွင်လည်း ပထမအကြိမ် ထောက်ပံ့ပေးခဲ့ပြီး ယခုထောက်ပံ့မှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း ယာဉ်အသင်းဥက္ကဋ္ဌ ဦးမျိုးသန့်ချိုက ပြောသည်။
ထောက်ပံ့မှုအဖြစ် ယာဉ်မောင်းတစ်ဦးလျှင် ဆန်(၈)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ပဲ(၁)ပိဿာတို့ကို ထောက်ပံ့ပေးခဲ့ပြီး ယာဉ်မောင်း(၅၈)ဦးနှင့် ဝန်ထမ်း(၇)ဦး စုစုပေါင်း(၆၅)ဦးအား အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)