ရပ်စောက်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်

ရပ်စောက် အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး လုပ်ငန်းများအဖြစ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြသခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို မြို့ဦးရပ်ကွက်ရှိ အ-မ-က (ဟိုပင်) ကျောင်း၌ ယနေ့နံနက် ၉  နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးညိုက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်စုစုလှိုင်တို့က ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးဖတ်ရှုလာတတ်စေရန်၊ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်စာပေ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အသိပညာဗဟုသုတများ၊ အကျိုးကျေးဇူးများနှင့် ကျောင်းသားလူငယ်များအနေဖြင့် စာအုပ်စာပေများကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်းအသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)