စဉ့်ကိုင် အောက်တိုဘာ ၃၁
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ၀န်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တင်ဒါအောင်မြင်သော အုန်းလက်ကောက်ကျေးရွာ ကုန်ထုတ်လမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး၀င်းမြင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်မြင့်ခိုင်နှင့် ၀န်ထမ်းများက ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီ၀င်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြစ်ဧရာကုမ္ပဏီမှ တာ၀န်ရှိသူများအား လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အုန်းလက်ကောက်ကျေးရွာတွင် ၂၀၂၂-၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာ ခွင့်ပြုရန်ပုံငွေ (၁၂၆.၃၅)သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း အရှည် (၁/၃.၂၆) မိုင်၊ အကျယ်(၁၄)ပေ၊ မြေသားဂျင်း (၂ပေ၉လက်မ)ထုခင်းခြင်းနှင့် ကွန်ကရစ်တံတား(၁၄ပေ× ၂၀ပေ×၁၀ပေ) တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက တောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများအား လေလွင့်နည်းပါးစွာဖြင့် စျေးကွက်သို့အရောက် ပို့ဆောင်နိုင်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စွာ ဖြတ်သန်းနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ အနေဖြင့် များစွာအကျိုးရှိလာမှာဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်မြင့်ခိုင်ထံက သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)