ကျောက်ဆည် အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆောင်းရာသီတွင် ကာလတို သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာတွင် ခရမ်းစိုက်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရမ်းသီးနှံသည် ရေကြိုက်နှစ်သည့် သီးနှံဖြစ်သောကြောင့် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင် (၅)ပေအကွာ စိုက်ပျိုး၍ အစိုဓာတ်မပြတ် ရေသွင်းပေးပြီး အပင်ငယ်ချိန်တွင် မြေဆွပေး၍ တစ်လတစ်ခါ အပင်အခြေများတွင် အာမိုနဲ့ပုလဲမြေဩဇာ သင့်တင့်ရုံ ကျွေးပေးရပြီး လိုအပ်တဲ့အခါ အပင်အားတိုး ဆေးနှင့် ပိုးနှင်ဆေးများ ဖျန်းပေးရကြောင်း၊ ခူးဆွတ် ရောင်းသည့်အခါ ပုံမှန်အားဖြင့်(၁)ရက်ခြား (၂)ရက်ခြား ခူးဆွတ်ရောင်းချနိုင်ပြီး ဈေးကွက်ကောင်းပါက နေ့စဉ်ခူးဆွတ်၍ ရောင်းချနိုင်ကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်ပိဿာငွေကျပ် (၃၅၀)မှ(၆၀၀)ကျပ်အထိ ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းအပင် (၅၀၀) စိုက်ပျိုးထားသည့် ဦးတင်တထွန်းက ပြောပြသည်။
ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက အပင်အသေအပျောက် မရှိစေရန်အတွက် ဦးစွာပျိုးထောင်ပြီး သန်မာသည့် အပင်များ ရွေးချယ်စိုက်ပျိုးရကြောင်းနှင့် အတို့အမြှပ် ခရမ်းအပြာမျိုး (အသီးအသေး) စိုက်ပျိုးပါက ပျိုးသက်(၁)လသား အရွယ်တွင် မြေပြင်ထားသည့် စိုက်ခင်းအတွင်း ပြောင်းရွေ့စိုက်ပျိုးနိုင်ပြီး အပိုဝင်ငွေ ရရှိရေး ခရမ်းမစိုက်ပျိုးခင် မြေပြင်ထားတဲ့သည့် မြေကွက်တွင် ဦးစွာ ချဉ်ပေါင်ကျဲပြီး စိုက်ပျိုးရောင်းချ၍ရကြောင်း တောင်သူဦးကြည်စိုးက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)