စစ်တွေမြို့တွင် လျှပ်စစ်ရေနွေးအိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

စစ်တွေ အောက်တိုဘာ ၃၁

စစ်တွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အကွက်(၁၂) တွင် ယမန်နေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင် ၃၂ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီးတို့နှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ မီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်မှာ အောင်မင်္ဂလာရပ်ကွက် အကွက်(၁၂) တွင် နေထိုင်သူ ဦးအောင်သန်း၏ နေအိမ်၌ လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ရာမှ အပူလွန်ကဲပြီး အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် လူနေအိမ်လေးလုံးဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူများမှာ နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်လျက်ရှိပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဦးအောင်သန်းအား သက်ဆိုင်ရာမှ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)