ကျောက်ဆည် အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက်(၈)နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦးမြို့နယ်များမှ မြို့နယ်ပညာရေးမှူးများ၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ လက်ထောက်မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာမူလတန်းအဆင့်(Grade-5)အတန်းတွင် ပညာသင်ကြားနေသည့် ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က အခြေခံပညာရေးသည် KG+5+4+3 နှင့်ဖွဲ့စည်းထားသောကြောင့် မူလတန်းအဆင့်သည် အရေးအကြီးဆုံးဖြစ်ကြောင်း ကလေးများပညာတတ်မြောက်ရေးအတွက် ဆရာ/ဆရာမတိုင်းတွင် တာဝန်ရှိသဖြင့် မိမိတို့လုပ်ငန်းတာဝန်များတာဝန်သိစွာဖြင့် ဆောင်ရွက်သွားကြရန်နှင့် သင်ကြားမှုများ ထိရောက်အောင်မြင်ရေးအတွက် ဆရာ/ဆရာမများအနေဖြင့် ပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဦစီးအရာရှိ ဒေါ်သင်းသန္တာထူးက အခြေခံပညာမူလတန်းအဆင့် (Grade-5)အတန်းနှင့်ပတ်သတ်၍ စာမေးပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုအဆင့် (Grade-5) စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သည့် ဆရာကြီး/ဆရာမကြီးများက အခြေခံပညာမူလတန်းအဆင့် (Grade-5) စာမေးပွဲဆိုင်ရာအချက်အလက်များကို သာသာရပ်အလိုက်ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ဆရာ/ဆရာများမှ ခေတ်စနစ်အရ ပြောင်းလဲသွားမည့် စာမေးပွဲမေးခွန်းပုံစံများနှင့် ပတ်သတ်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)