မက်မန်းမြို့၌ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မက်မန်း   အောက်တိုဘာ   ၃၀

ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ယမန့်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းလင်းအောင်က ယမန်နှစ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ယခုနှစ် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရာက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မက်မန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၃၆)ကျောင်းမှ သံဃာတော်များအတွက် ဆွမ်းဆက်ကပ်နိုင်ရေး ပဒေသာပင်များလှူဒါန်းဆပ်ကပ်နိုင်ရေး ဆောင်ရွက်မည့်အစီအမံများကို အသီးသီးဆွေးနွေးခဲ့ကြသည်။

မက်မန်းမြို့နယ်အတွင်း စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင်(၃၄)ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၃၆)ကျောင်းသို့ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း၍ ဆွမ်းနှင့်ပဒေသာပင်များ ဆက်ကပ်လှူဒါန်းသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)