တောင်ကုတ်မြို့၌ တတိယအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲကျင်းပ

တောင်ကုတ် အောက်တိုဘာ ၂၉

အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ဆရာ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးများကို ပူဇော်သည့်အနေဖြင့်  တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

မြတ်ဆရာပူဇော်ပွဲ အခမ်းအနားတွင် အငြိမ်းစားဆရာ၊ ဆရာမကြီးများ ဖြစ်ကြသည့် ဦးအောင်သန်းမြင့်၊ ဦးမောင်မောင်လေးနှင့် ဒေါ်ခင်ရီတို့က အမှာစကား ပြောကြားပြီးနောက် တောင်ကုတ်မြို့နယ်၊ မြို့နယ်ပညာရေးမှူး ကိုယ်စားအမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမွှေးလှဖြူက မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲ အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများက အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့၍ ဆရာ၊ ဆရာမကြီးများ တစ်ဦးချင်းသို့ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

အဆိုပါ အခမ်းအနားကို မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် တတိယအကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)