မိုးနဲ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးညွန်းက အမှာစကား ပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကိုကိုဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြား ပို့ချမည့် သင်ခန်းစာ များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ (၄)ဦးတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှု/ ပြစ်ဒဏ်များ၊ ဥပဒေ / နည်းဥပဒေများ၊ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ ပြည်သူလူထုနှင့်မဲဆန္ဒရှင် အသိပညာ ပေးခြင်း၊ ကြိုတင်မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကျင့်ဝတ် ၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာ သူများနှင့် မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းခြင်း စေ့စပ်ညှိနှိုင်း ရေးကော်မတီများဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း စသည့်သင်ခန်းစာ များကို စက်တင်ဘာလ (၁၇)ရက်နေ့မှ (၁၈) ရက်နေ့ထိ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်းနှင့် သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားလျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် (၃၀)ဦးတက်ရောက် လျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)