ဗန်းမော်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ဗန်းမော် စက်တင်ဘာ ၁၈

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်  ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ပို့ချခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ စနစ်တကျ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် သင်တန်းနည်းပြ(၈)ဦးဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၈)အုပ်စုကို တစ်ရက်လျှင် ပျမ်းမျှ(၁၀) အုပ်စုဖွဲ့၍ ရပ်ကွက်/ကျေးရွာတစ်ခုတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၁)ဦး စုစုပေါင်း(၃)ဦးစီနှုန်းဖြင့် သင်တန်းသား(၃ဝ)ဦးနှုန်းဖြင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ မြို့နယ်ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များ၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရမည့် ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲပေးခြင်းနှင့် မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန်ကြေညာခြင်း စသည့် သင်ရိုးခေါင်းစဉ်များဖြင့် စက်တင်ဘာ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ (၆)ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း ဗန်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သင်တန်းသားများအား တစ်ဦးနှင့် တစ်ဦး(၆)ပေခြား နေရာချထားခြင်း၊ လက်ဆေးကန်များ ပြုလုပ်ထားပေးခြင်း၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ရေမလို လက်ဆေး HanGel များ ထားရှိခြင်း၊ သင်တန်းမပြုလုပ်မီ မြို့နယ် အုပ်ချုပ်ရေးမှူး၏ အစီအမံဖြင့် ပိုးသတ်ဆေးများဖျန်းပေးခြင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သဲစုမိုး(ပြန်/ဆက်)