ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ရာသီဥတုပြောင်းလဲမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

ဗန်းမော် အောက်တိုဘာ ၂၈

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ရာသီဥတုပြောင်းလဲမှု အကြောင်း သိကောင်းစရာများကို မေးမြန်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေယံကျော်က မိုးလေဝသဆိုသည်မှာ ပတ်ဝန်းကျင်တည်နေရာတစ်ခုတွင် အချိန်တိုကာလအတွင်း မိနစ်၊နာရီတိုင်း၊ နေ့တဓူဝပြောင်းလဲဖြစ်ပေါ်နေသည့် အပူချိန်၊ မိုးရွာသွန်းမှု၊ လေတိုက်ခတ်မှုနှုန်း၊ တိမ်ထူထပ်မှု အခြေအနေစသည်တို့ နေ့စဉ်ပြောင်းလဲနေသည့် ဖြစ်စဉ်ဖြစ်ပါကြောင်း၊ ရာသီဥတု ဆိုသည်မှာ နှစ်ပေါင်း(၃၀)ကျော်မှ ဆယ်စုနှစ်များစွာ ကာလအတွင်း ဒေသတစ်ခု၌ ဖြစ်ပျက်နေသော ပျှမ်းမျှမိုးလေဝသဖြစ်စဉ်များ ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို သိရှိရန်အချက်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ရာသီဥတုပြောင်းလဲမှုများ၏ အကျိုးဆက်များအကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံ၏ ထိခိုက်လွယ်မှုကဏ္ဍများအကြောင်း၊ ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး အဓိကနည်းလမ်းများအကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေနေထိုင်ခြင်း အကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးမှုများကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် ပြည်သူများ အသိပညာဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲ(Talk Show)များကို  ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗန်းမော်(ပြန်/ဆက်)