“လူငယ်စကားဝိုင်း” ကော့မှူး၌ ကျင်းပ

ကော့မှူး အောက်တိုဘာ ၂၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍‌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွား‌ စေရေးအတွက် “လူငယ်စကားဝိုင်း” ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရက်ကွက် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(ကော့မှူး) ကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကော့မှူးမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်နုနုကြည်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း‌ပြောကြားပြီး အ.ထ.က(ကော့မှူး) တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်‌ရွှေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေ ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး အဆိုပါ ကျောင်းသား/ကျောင်းသူများထဲမှ သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးခဲ့သူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်း ပြသထားရာ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူးပြန်/ဆက်)