တွံတေးမြို့နယ် မြို့မဈေးကြီးအတွင်းအပြင်ရှိ ကုန်စုံဆိုင်များအား တရားမ၀င် ပုဇွန်နှစ်ကောင်ဆီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်​ဆေး

တွံတေး အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အုပ်ချုပ်ရေးနှင့် ကျန်းမာရေးစစ်ကြောင်း လှုပ်ရှားမှုအနေဖြင့် တွံတေးမြို့မဈေးအတွင်းအပြင် နေရာများရှိ ကုန်စုံဆိုင်များတွင် ပုစွန်နှစ်ကောင် အမှတ်တံဆိပ်စားသုံးဆီ ဖြန့်ဖြူးရောင်းချနေမှုများတွင် အစုလိုက်အပြုံလိုက်သယ်ယူ ရောင်းချနေမှု မရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲနှင့် ကျန်းမာရေးဌာနမှ တာ၀န်ရှိသူများ ပါ၀င်သည့် ပူးပေါင်းအဖွဲ့မှ ‌မြို့မဈေးကြီးအတွင်းအပြင် တရားမ၀င် ပုဇွန်နှစ်ကောင်ဆီရောင်း၀ယ် ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့မဈေးကြီးအတွင်းအပြင်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးရွှေပြည်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်နိုင်၀င်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံ ဦးသန်းနိုင်၊ စည်ပင်သာယာရေး အဖွဲ့ဈေးတာ၀န်ခံ ဦးစိုး၀င်းဦးနှင့် ကျန်းမာရေးဌာနမှ တာ၀န်ရှိသူများပါ၀င်သည့် ပူးပေါင်းအဖွဲ့မှ‌ ကုန်စုံဆိုင် (၁၅)ဆိုင်အား ကွင်းဆင်းအသိပညာ‌ပေး စစ်ဆေးဆောင်ရွက်ခဲ့ရာ ကုန်စုံဆိုင်များတွင်  ပုဇွန်နှစ်ကောင် စားသုံးဆီရောင်း၀ယ် ဖြန့်ဖြူးမှုမရှိစေရေး၊ ရောင်း၀ယ်ဖြန့်ဖြူးမှုတွေ့ရှိပါက သိမ်းဆည်းမှာဖြစ်ကြောင်း၊ ပူးပေါင်းအဖွဲ့မှ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

တွံတေးသား