မြင်းခြံမြို့တွင် ရဲဗလတံဆိပ်ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

မြင်းခြံ အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် လွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂) ဖြင့် ချီးမြှင့် အပ်နှင်းခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရွှေဖြင့်ပြုလုပ်သောရဲဗလတံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်ကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး အကြမ်းဖက်ခံရမှုဖြစ်စဉ်များကြောင့် သေဆုံး/ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား ရဲဗလတံဆိပ်များအား ချီးမြှင့်ပေးခဲ့ သည်။

အကြမ်းဖက်ခံရမှုဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် အုပ်ချုပ်ရေးမှူး (၂) ဦး၊ သေဆုံး/ ကျဆုံးသည့် အုပ်ချုပ်ရေးမှူး (၉) ဦးတို့အား ၁၄ ပဲရည် ရွှေ(၂.၅) ကျပ်သားရှိ ရဲဗလတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ချီးမြှင့်ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည် အုပ်ချုပ်ရေးမှူးများ၊ သေဆုံး/ ကျဆုံး ခဲ့သော အုပ်ချုပ်ရေးမှူးများ၏ မိသားစုဝင်များ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)