တွံတေးမြို့နယ် အ.ထ.က(ခွဲ)ခလုပ်၌ လူငယ်စကားဝိုင်းကျင်းပ

တွံတေး အောက်တို့ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက ခလုပ်ကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခလုပ် ပန်းမျိုးတစ်ရာ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက်  အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် လိုကြောင်း၊ ကာယ၊ဗလ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်း တာဝန်ယူနိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး အသိပညာကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာပြောဆို ဆက်ဆံတတ်ရေး အတွေ့အကြုံသစ်များရရှိရေး၊ ကျောင်းသား၊ ကျောင်းသူ အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး  ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများအား Moderator မှ ဦးဆောင် မိတ်ဆက်ပေးကာ Grade- 11 မှ မသဇင်ဖြိုးက လူငယ်နှင့်စာပေ၊  Grade- 10 မှ မေရွှယမင်းက လူငယ်နှင့်စာရိတ္တ၊ Grade-11 မှ မရွှန်းလဲ့ဦးက လူငယ်နှင့်ကျန်းမာရေး၊ Grade-10 မှ မောင်ပိုင်မင်းခန့်က လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-9 မှ မောင်ဇင်မျိုးကိုက လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိသည့်များ  မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြပြီး အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ခလုပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်​မြင့်မြင့်ပြုံးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကာ ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၁၀) ဦး တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

တွံတေးသား