နယ်လှည့်စာကြည့်တိုက် ဓာတ်ပုံနံရံကပ်စာစောင် စာအုပ်ပြပွဲ သန်လျင်၌ကျင်းပ

သန်လျင် အောက်တိုဘာ ၂၈

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှု့ခြင်းဖြင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ နိုင်ငံတော်မှ ဆောင်ရွက်လျက် ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိအမြင် ဗဟုသုတများရရှိစေရန် ရည်ရွယ်လျက် ယနေ့ နံနက်တွင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗိုလ်ချုပ်ကျေးရွာရှိ အမှတ် (၁) မူလွန်ကျောင်းသို့ ကွင်းဆင်း၍ ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲ ကျင်းပခဲ့သည်။

ဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာအောင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက အခမ်းအနား ကျင်းပပေးရသည့် ရည်ရွယ်ချက် ကျောင်းသားလူငယ်နှင့် စာပေအကြောင်း အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိချောက စာဖတ်ခြင်း အကျိုးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြခန်းအတွင်း ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအား ကြည့်ရှုလေ့လာကြသည်။

မွန်းလွဲပိုင်းတွင် သန်လျင်မြို့နယ် ရွာသစ်အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) သို့ ကွင်းဆင်း၍ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲအားဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)