သထုံမြို့နယ်တွင် မီးသတ်တပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် အသိပညာပေးခြင်းများ လိုက်လံနှိုးဆော်

သထုံ   စက်တင်ဘာ   ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မီးသတ်တပ်ဖွဲ့မှ ကိုဗစ်-၁၉ရောဂါတားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ မွန်လွဲပိုင်းက စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ လိုက်လံ နှိုးဆော်ဆောင်ရွက်လျက်ရှိသည်။

အသိပညာပေးနှိုးဆော်ခြင်းများကို သထုံခရိုင်မီးသတ် ဦးစီးဌာနမှူး ဦးအောင်ကြင်ထွန်းက ဦး‌ဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်−၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာ ရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ အခြားပြည်နယ်တိုင်းဒေသကြီးမှ ပြန်လာသည့် ပြည်သူများ ဝင်ရောက်မှုရှိလျှင် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ အသိပေး အကြောင်းကြားရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် မီးဘေးအန္တရာယ် များ သတိပေးခြင်း တို့ကိုနေ့စဉ် တစ်နေ့လျှင်(၄)ကြိမ် ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် သတိပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ဦး(သထုံ)