ဒဂုံအရှေ့ အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို အမှတ်(၁၂၂)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူကသင်တန်းဆင်းအမှာစကားပြောကြားရာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် နာသုံးနာအခြေခံပြီး အမိန့်နာခံမှု၊ မီးငြိမ်းသတ်ရာတွင်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်တတ်စေရန်နှင့် ကယ်ဆယ်ရေးအပိုင်းများ၊ မီးဘေးနှင့် သဘာဝဘေးဖြစ်ပေါ်လာပါကပျက်စီးဆုံးရှုံးမှု နည်းပါးစေရန် ယခုသင်တန်းကလက်တွေ့သင်ကြားမှုများအား မိမိတို့ဒေသတွင်ထိရောက်စွာ အသုံးချစေလိုကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ လိုက်နာစောင့်ထိန်းရမည်ကျင့်ဝတ်(၁၀၂)ပါးနဲ့အညီ ကျင့်ကြံ၍မီးသတ်တပ်ဖွဲ့ရည်မှန်းချက်ဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးဆန်းထွန်းတို့က သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ရာ သင်တန်းသားများ(ကိုယ်စား)အရန်မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးမှ လက်ခံရယူခြင်း၊ အဆိုပါသင်တန်း၌ သင်တန်းသားများအတွက် အာဟာရဒါနလှုဒါန်းသော အလှုရှင်ဒေါ်စိုးစိုးအား မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိဦးမျိုးမြင့်အောင်က ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပေးခဲ့ပြီးနောက် သင်တန်း ဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့တက်ရောက်ကာ သင်တန်းကိုအရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား(၅၀)ဦးဖြင့် သင်တန်းကာလရက်သတ္တပတ် (၄)ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)