ပင်းတယ စက်တင်ဘာ ၁၈
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်တယမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လ္ဘက်ရည် ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းများနှင့် အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် တာဝန်ရှိသူများတို့က ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ အမှုဆောင် အရာရှိ ဦးစည်သူဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများတို့ က စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များတွင် လက်ဆေးဘေစင်နှင့် လက်သန့်စင်ဆေးဗူးများ ထားရှိခြင်းရှိ/မရှိ ၊ ဆိုင်ရှင်များအား နှာခေါင်းစည်းများ တပ်ရန်နှင့် စားသုံးသူများအား တစ်ဦးနှင့် တစ်ဦး အကွာအဝေးကို ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ရှောင်တခင် စစ်ဆေးခဲ့ပြီး စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက သတ်မှတ်ချက်များအတိုင်း အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)