မိုင်းယောင်း အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက နေကြာသီးနှံတိုးတက်စိုက်ပျိုးရေး တောင်သူအသိပညာပေးဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး ဖြူစင်မိုင်းယောင်းဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအသင်းမှ ဦးစိုင်းရှဲန်ရွက်က မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ စသည့် စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းမှ အထောက်အကူပြု ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက နေကြာတစ်ဧက တင်း ၅၀ ပန်းတိုင်အထွက်နှုန်းရရှိစေရန် စိုက်ပျိုးနည်းပညာများကို ပရိုဂျက်တာဖြင့် ဆွေးနွေးတင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက နွေစပါးနှင့် နေကြာသီးနှံမျိုးစေ့များကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် နေကြာသီးနှံတိုးတက်စိုက်ပျိုးရေး တောင်သူအသိပညာပေးဆွေးနွေးပွဲ တက်ရောက်လာသူများအား နေကြာသီးနှံမှ ဆီကြိတ်ခွဲမှုကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
စိုင်းအော်ဇော်လင်း