လင်းခေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေး ဟောပြောပွဲဆောင်ရွက်

လင်းခေး အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲမကျင်းပမီ ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းပြုံးရီက အဆိုပါစွမ်းရည်ပြိုင်ပွဲပြု လုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ဦးစွာရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာတတ်ခြင်းဖြင့်အနာဂတ်ကောင်းများ ဖန်တီးနိုင်မည် ခေါင်းစဉ်ဖြင့် စာပေတတ်မြောက်ခြင်းကြောင့် မှန်ကန်သောအသိ၊ အတွေးအခေါ်ရင့်သန်လာစေခြင်း၊ လူမှုဆက်ဆံရေးတိုးတက်ရရှိစေခြင်း၊ ဘဝအတွက်ကောင်းမွန်သည့် ဆုံးဖြတ်ချက်ချနိုင်ခြင်းနှင့် သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွက် အကျိုးပြုစွမ်းဆောင်နိုင်ခြင်းမှသည် နိုင်ငံအတွက် အကျိုးတရားကောင်းများ ဖန်တီးဖော်ဆောင် ရရှိစေနိုင်မည့် အကြောင်းအရာပါများအား ကျောင်းသား/ကျောင်းသူများကို ဖတ်ရှုစေပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ပေးခဲ့သည်။

ယင်းနောက် ခရိုင်ဦးစီးမှူး ဦးသန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲအပြီး တက်ရောက်လာသည့် ဆရာ/ဆရာမကျောင်းသား/ကျောင်းသူများက လင်းခေးခရိုင်ရုံးအရှေ့၌ ပြသထားသော မြေစိုက်နံရံကပ် စာစောင်ပြဘုတ်ကို လေ့လာကြည့်ရှုခဲ့ကြပါသည်။

ပြိုင်ပွဲနှင့်အသိပညာပေး ဟောပြောပွဲသို့ လင်းခေးမြို့နယ် ပုန်းထွန်အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)မှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)