သီပေါမြို့နယ် အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်များ ပြသဆောင်ရွက်

သီပေါ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယနေ့နံနက် ၉ နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသီတာက ကျောင်းသား၊ ကျောင်းသူလူငယ်များ အနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ ပြင်ပဗဟုသုတများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲပြုလုပ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ပလတ်စတစ်ကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုး၊ အန္တရာယ်၊ ပလတ်စတစ်ကင်းမဲ့စွာ နေနိုင်မည့်နည်းလမ်း၊ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမားအဓိပ္ပာယ်စသည့် အကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပလပ်စတစ်ကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးအန္တရာယ်၊ ဖြစ်ပေါ်လာနိုင်သည့်ရောဂါများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ပြသပေးခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)