မိုင်းဆတ်မြို့၌ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်

မိုင်းဆတ် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းကို ယနေ့နံနက် (၉)နာရီက သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိုင်းဆတ်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသန်းဝေက ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းတက်ရောက်ခြင်းဖြင့် မိမိပတ်ဝန်းကျင်၊ မိသားစုနှင့် မိမိကိုယ်တိုင်ပြုစုစောင့်ရှောက်နိုင်ခြင်းကြောင့် များစွာအကျိုးရှိကြောင်း၊ ရှေးဦးသူနာပြုစုခြင်းသည် လူတစ်ဦး၏အသက်ကို ကယ်တင်ပေးနိုင်သည့် အတတ်ပညာဖြစ်၍ လူတိုင်းတက်ရောက်သင့်ကြောင်း ပြောကြားပြီး၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယဥက္ကဋ္ဌ ဦးစိုင်းမွန်းဆေသောင်းက လူမှုရေးစိတ်ဓာတ်ထက်သန်ပြီး နိုးကြားတက်ကြွသော မျိုးဆက်သစ်လူငယ်များပေါ်ထွက်လာစေရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းမှနည်းပြ(၃)ဦးက ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများ၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ လူနာဆန်းစစ်ခြင်း၊ အရေးကြီးလူနာခွဲခြားခြင်း၊ သွေးယိုစီးခြင်း၊ အဆိပ်သင့်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အရိုးကျိုးခြင်း၊ မူးမေ့ခြင်း၊ အကြောထိခိုက်ဒဏ်ရာရခြင်း၊ နှလုံးနှိုးဆွခြင်း၊ လူနာသယ်ဆောင်ခြင်းနှင့် ပတ်တီးစည်းနည်း စသည့် သင်ခန်းစာများကို အောက်တိုဘာလ(၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၃၉)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)