ရန်ကင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကင်း အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ရန်ကင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယနေ့နံနက် ၀၉:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထူးလွင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတော်အား မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်တားဆီးစောင့်ရှောက်ရေးတာဝန်အပြင် နိုင်ငံတော်အတွက်အရေးကြုံလာပါက လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ပညာဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်၊ မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်နှင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ကို စည်းကမ်းကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်ရေးစတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်မှ သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်မှ တူညီဝတ်စုံများပေးအပ်ခဲ့ကြရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရံမီးသတ်ဒုတိယတပ်ရင်းမှူးနှင့် တပ်ခွဲမှူးများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)