ပင်းတယ စက်တင်ဘာ ၁၈
လက်ရှိဖြစ်ပွါးနေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာနေပြည်သူများ မဖြစ်မနေ နှာခေါင်း စည်းများ တပ်ဆင်ရန် Mask Campaign ပြုလုပ်ခြင်းနှင့် ကပ်ရောဂါအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများ၊ ကျုံးကျေးရွာမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဝင်များတို့က ယမန်နေ့ နံနက်ပိုင်း က ကျုံးကျေးရွာဈေး၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အဖွဲ့အစည်းများမှ တာဝန်ရှိသူများတို့က ကျုံးကျေးရွာဈေးနှင့် အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်များမှ ပြည်သူများအား ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပြီး မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားလျက်ရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ပြည်တွင်း ကူးစက်မှုနှုန်း မြင့်မားနေ၍ အန္တရာယ်ရှိပုံများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ အစရှိသည်များကို အသိပေး ပြောကြားပြီး အပြင်ထွက်လျှင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရမည့် အလေ့ အကျင့် ရှိစေရန်နှင့် စနစ်တကျတပ်ဆင်ရန် အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း ၂,၀၀၀ ကျော်ကို ပညာပေးတပ်ဆင်၍ Mask Campaign ပြုလုပ်ခဲ့ကြောင်း လည်းသိရသည်။
ခင်မျိုးနွယ်(ပင်းတယ)