သီပေါ အောက်တိုဘာ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်ဦးမျိုးပိုင်သက်က စာရေးသူ မုဒိတာ(တောင်သာ)၏ “ကျန်းမာသောဘဝ၊ ကျန်းမာသောကမ္ဘာ” စာအုပ်မှ ဆီးချိုရောဂါနှင့် ထုံနာကျဉ်နာ ကျန်းမားရေးအသိပညာပေး ဆောင်းပါးအား ဦးဆောင်ဆွေးနွေးခဲ့ပြီး (Women Club)အဖွဲ့ဝင် ဒေါ်ဝိုင်းသူဇာခင်၊ ဒေါ်နန်းခမ်းဟိန်း၊ လူငယ်အသင်း(Youth Club)အဖွဲ့ဝင် မယွန်းပြည့်ဖူးငုံ၊ မလင်းလက်သော်တာတို့က စာရေးသူဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)၏ “ကလေးကျန်းမာရေး အမေးအဖြေ” စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ အသိပညာပေးဆွေးနွေးပွဲများကို စာပေဝါသနာရှင်များ၊ ဖွဲ့စည်းထားသော Club အသင်းအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)