အလုံမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ရောင်းချ

အလုံ   အောက်တိုဘာ  ၂၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်ဆင်မင်းရပ်ကွက်၊ သိပ္ပံလမ်းဓမ္မာရုံရှေ့၌ ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင်  ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်၊  စားဆီတစ်ပိသာလျှင်  ၄၀၀၀ ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၆ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)