ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ဒေါပုံမြို့နယ် မီးသတ်ဦးစီးဌာနက လှည့်လည်အသိပညာပေး နှိုးဆော်

ဒေါပုံ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန်နေ့ ည(၇)နာရီအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၄)ကွက်သို့ မီးသတ်ယာဉ်၊ လော်စပီကာတို့ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မီးသတ်ဦးစီးမှူး ဦးအောင်အောင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်  နှစ်ရက်တစ်ကြိမ် ည (၇)နာရီ မှ (၁၁)နာရီ အတွင်း မီးသတ်ယာဉ်၊ လော်စပီကာတို့ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်လျက်ရှိကြောင်းကို မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။   

သဲစုစုလွင်(ပြန်/ဆက်)