ရွှေကူမြို့ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စိတ်ကြိုက်စာပေ စာဖတ်ဝိုင်းပြုလုပ်

ရွှေကူ အောက်တိုဘာ ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများ(Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စိတ်ကြိုက်စာပေ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်းက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ဗန်းမော်သိန်းဖေ ရေးသားသည့် “မျှဝေလိုသောအတွေးများ” စာအုပ်မှ “သင့်စိတ်ထဲမှာ အမှိုက်လာသွန်ခြင်း” ခေါင်းစဉ်ဖြင့် အဖွင့်ဆွေးနွေးခဲ့သည်။

ထို့နောက် စာရေးဆရာရွှေကူမောင်နှင်းအေးက ဗန်းမော်ညိုနွဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်စာအုပ်မှ “လက်ဖက်ရည်ကြမ်းစကားဝိုင်း” ကဗျာအကြောင်းအရာပါ ကဗျာဆရာ၏ အတွေးအရေး၊ တင်ပြပုံရည်ရွယ်ချက်များဖြင့် လည်းကောင်း၊ စာရေးဆရာ ရွှေကူသက်မောင်မောင် က ၂၀၂၂ ခုနှစ်၊ သြဂုတ်လထုတ် မြဝတီမဂ္ဂဇင်းပါ ကိုယ်တိုင်ရေးအက်ဆေးဖြစ်သည့် “သပြေသီး၍ ရေကြီးချိန်” အက်ဆေးဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများအား ထပ်ဆင့်ဆွေးနွေးခဲ့ကြခြင်းဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)