သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

သာစည် အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်   မိုဘိုင်းဖုန်းဖြင့်  ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားရာတွင် မိမိတို့ ဝန်ထမ်းများအနေဖြင့်  မီဒီယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကျွမ်းကျင်မှုရှိရန်နှင့် တက်ရောက်လာသည့်  အခြားဌာနဆိုင်ရာ ဝန်ထမ်းများလည်း ဌာနအတွက် လိုအပ်ပါက မှတ်တမ်းဗီဒီယိုနှင့် ဓာတ်ပုံများ ရိုက်ကူးတည်းဖြတ်ရာတွင်  စနစ်တကျဖြင့် အသုံးပြုနိုင်ရန်ဖြစ်ကြောင်းတို့ကို ပြောကြားသည်။ ဆက်လက်ပြီး သင်တန်းကို စတင်ရာ ဦးထွန်းထွန်း ဓာတ်ပုံကျွမ်းကျင်-၂ က မိုဘိုင်းဖုန်းဖြင့်  မှတ်တမ်းဗီဒီယိုနှင့် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးရာတွင် လိုက်နာရမည့် အခြေခံအချက်များ၊  ရိုက်ထားပြီးသော မှတ်တမ်းဗီဒီယို တည်းဖြတ်နည်း အခြေခံများကို  ရှင်းလင်းဆွေးနွေးပြီး ရိုက်ကူးတည်းဖြတ်နည်းကို သင်တန်းသားများနှင့်အတူ လက်တွေ့ပြုလုပ် ပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ပညာရေးဌာနမှ ဆရာ/မများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)