ကျောက်မဲမြို့နယ်တွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအားလုံး အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်မောင်းနှင်ရေး အသိပညာ‌ပေး ဆွေးနွေးပွဲကျင်းပ

ကျောက်မဲ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအားလုံး အသက်ကယ်ထိုင်ခုံ ခါးပတ်ဝတ်ဆင် မောင်းနှင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲကို ယမန်‌နေ့မွန်းလွဲ ၃နာရီက ကျောက်မဲခရိုင် ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစိုးညွန့်‌ရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်မဲခရိုင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးကျော်အောင်က  မြန်မာနိုင်ငံအတွင်း ယာဉ်မတော်တဆ‌မှုများတွင် အသက်ကယ် ထိုင်ခုံခါးပတ် မပတ်ခြင်းသည် အသက်ကယ်ထိုင်ခုံခါးပတ်ပတ်၍ မောင်းနှင်ခြင်းထက် အသက်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုပိုမိုများပြားကြောင်း၊ ထို့ကြောင့် မော်တော်ယာဉ်လိုင်း တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ယာဉ်လိုင်းများတွင် ထိုင်ခုံခါးပတ်များ ပြည်စုံစွာတပ်ဆင်ထားရန်၊ ယာဉ်မောင်းများနှင့် လိုက်ပါစီးနင်းသူများကိုလည်း အသက်ကယ် ထိုင်ခုံခါးပတ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ အသိပညာပေးဗီဒီယိုခွေများကို ယာဉ်မထွက်ခွာမီ ပုံမှန်ပြသရန် အစရှိသည်တို့ကို ဆွေးနွေး‌ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်၊ အမှတ် ၁၂၄ ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူး ဦးထွန်းထွန်းဝင်း၊ ကျောက်မဲမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမျိုးဇာလင်းတို့က လုံခြုံရေးအရ ကုန်စည်များကို စနစ်တကျ စိစစ်လက်ခံရန်၊  ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများလိုက်နာရန်၊ မော်တော်ယာဉ်အတွင်း အရေးပေါ်အသုံးပြုရန် မီးသတ်ဆေးဗူးများထားရှိရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို  လိုက်နာ‌ဆောင်ရွက်ရန် အစရှိသည်တို့ကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ  အသိပညာပေးဆွေးနွေးပွဲသို့ ကျောက်မဲမြို့ ခရီးသည်တင် မော်တော်ယာဉ်အသင်းဝင် ယာဉ်လိုင်း ၂၉ လိုင်းမှ တာဝန်ရှိသူများ တက်ရောက်‌ခဲ့‌ပြီး  တက်ရောက်လာသူများအား  ကျောက်မဲခရိုင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ အသိပညာပေး Video ခွေများဖြန့်ဝေပေးခြင်း၊  အသက်ကယ်ထိုင်ခုံခါးပတ် စနစ်တကျ တပ်ဆင်နည်းတို့ကို လက်‌တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ကျောက်မဲမြို့ပြင် Oriental Highway တိုးဂိတ်အနီး မန္တလေး-လာရှိုး  ပြည်ထောင်စု လမ်းမကြီးပေါ်တွင်လည်း မြို့နယ်ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများက မော်တော်ယာဉ်များ မောင်းနှင်သူနှင့်လိုက်ပါစီးနင်းသူများ  အသက်ကယ် ထိုင်ခုံခါးပတ် ဝတ်ဆင်မောင်းနှင်ရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများကို နေ့စဉ်ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)