ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်   အောက်တိုဘာ   ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ဓမ္မအသိဖြင့်ဘဝမြှင့်တင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)နာယကရန်နောင်(ပညာရေး)က အမှာစကားပြောကြားခဲ့သည်။

ဒေါက်တာငြိမ်းကေခိုင် ရေးသားထားသည့် ဓမ္မအသိဖြင့်ဘဝမြှင့်တင်ခြင်းစာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာများဖြစ်ကြသည့် ဒေါက်တာဗိုလ်သံမဏီ(တောင်တွင်းကြီး)၊ မောင်မောင်ဝင်းမြင့်(မှုခင်း)၊ ဦးကျင်မောင်၊ ဝင်းနွယ်(ပုသိမ်)၊ သက်လှိုင်မျိုး(စက်မှုတက္ကသိုလ်)တို့က အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)နာယကဦးသက်တင်က နိဂုံးချုပ်စကားပြောကြားခဲ့သည်။ စာဖတ်ဝိုင်းသို့ စာပေဥယျာဉ်အသင်း(Book Club)မှ တာဝန်ရှိသူများ၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)အတွင်းရှိ စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)