တောင်ဥက္ကလာပ အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာသာမက ကျန်းမာကြံ့ခိုင် စွမ်းရည်ပြည့်ဝသူများ၊ အသက်အရွယ်၊ အတန်းပညာနှင့် လျော်ညီသော ဗဟုသုတပြည့်စုံသူများ၊ စိတ်ဓာတ် စည်းကမ်းကောင်းမွန်သူများ၊ မိမိပတ်ဝန်းကျင်နှင့် အသိုင်းအဝိုင်းကိုပါ အကျိုးပြုနိုင်သည့် လူရည်ချွန်၊ လူရည်မွန်များ ဖြစ်စေရေးရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများ ကျင်းပလျက်ရှိရာ ယနေ့ နံနက် (၉:၃၀) မှစ၍ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် (Grade-9,10,11) အတန်းများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးတို့က ရေးဖြေစာမေးပွဲအဖြစ် မြန်မာစာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် အခြေခံပညာ လူရည်ချွန်စိစစ်ရွေးချယ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်း၊ စာရိတ္တ၊ ပြည်သူ့နီတိ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ၊ အထွေထွေဗဟုသုတနှင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေသိပ္ပံစသည့် ဘာသာရပ် ကဏ္ဍအလိုက် ရေးဖြေ၊ နှုတ်ဖြေ၊ လူတွေ့စစ်ဆေးခြင်း၊ ကျောင်းလုပ်ငန်းများ ဆောင်ရွက်မှုစသည်တို့ကို အကဲဖြတ်အမှတ်ပေး ရွေးချယ်ခြင်းများက ဆောင်ရွက်မည်ဖြစ်ပြီး (၂၆.၁၀.၂၀၂၂ မှ ၂၈.၁၀.၂၀၂၂) ရက်အထိ (၃) ရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရသည်။
စိုးဝဏ္ဏထွန်း(ပြန်/ဆက်)