သင်္ဃန်းကျွန်း အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁:၀၀)အချိန်က သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးဦးသိန်းထွန်းက အခြေခံပညာကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှု အရည်အသွေးများ တိုးတက်လာစေရန်၊ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ ကျောင်းတစ်ကျောင်းတွင် ခေါင်းဆောင်မှုတာဝန်ကို ယူထားရသော ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတို့၏ စီမံခန်ခွဲမှုသည် အလွန်အရေးပါသောကြောင့်၊ သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၄၇)ဦး တက်ရောက်ခဲ့ကာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ပညာရေးလုပ်ငန်း၊ စီမံခန့်ခွဲရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်း ဘာသာရပ်များကို ၂၇.၁၀.၂၀၂၂ ရက်နှင့် ၂၈.၁၀.၂၀၂၂ရက် (၂)ရက်ကြာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝါဝါ( ပြန်/ဆက်)