ကျိုက်ထို အောက်တိုဘာ ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြှော်ကြသည့် ဘုရားဖူးပြည်သူများအားလာမည့် နိုဝင်ဘာ (၃) ရက်နှင့် (၄) ရက်နေ့တို့၌ ဘုရားပေါ်သို့ အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၊ တောင်တက်မော်တော်ယာဉ်အသင်း၊ ဟိုတယ်/ တည်းခိုခန်း လုပ်ငန်းရှင်များနှင့် ဈေးသူဈေးသားများစုပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါနေ့များတွင် ဘုရားဖူးပြည်သူများအား တောင်တက်ကား(အခမဲ့) အတက်အဆင်း ပို့ဆောင်ခြင်း၊ ကင်မွန်းစခန်းတောင်ခြေတွင် စတုဒီသာဧည့်ခံကျွေးမွေးခြင်း၊ တောင်တော်ရင်ပြင်တွင် စတုဒီသာများကျွေးမွေးခြင်း၊ ရိုးရိုးလေးဟိုတယ်နှင့် တည်းခိုဆောင်များတွင် (အခမဲ့)တည်းခိုခွင့်ပြုခြင်း၊ တောင်တော်ရင်ပြင်ရှိတည်းခိုဆောင်များ၌ အခမဲ့တည်း ခိုခွင့်ပြုခြင်းများကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားဖူးပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် လာရောက်ဖူးမြှော်နိုင်ရေးအတွက် ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်