ကွမ်းလုံ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကွမ်းလုံမြို့နယ်အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင် ဆောင်ခန်းမတွင် ပညာရေးဌာနနှင့် ကွမ်းလုံမြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကွမ်းလုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုမြို့နယ်တပ်ဖွဲ့မှူး ဦးရဲမြတ်သူ ကဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ စာတွေ့/လက်တွေ့သင်ကြားပေးလျက်ရှိရာ (၂၅-၁၀-၂၀၂၂) ရက်နေ့တွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းနှင့်သဘောတရားအတွေး အခေါ်များ၊ လူနာဆန်းစစ်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ ဒဏ်ရာများနှင့်သွေးယိုစီးခြင်းသင်ခန်းစာ ကိုလည်းကောင်၊ (၂၆-၁၀-၂၀၂၂)ရက်နေ့တွင် အခြေခံအသက်ကယ် အထောက်အကူပြုခြင်း၊ ဦးခေါင်းနှင့်ကျောရိုးတန်းမကြီးဒဏ်ရာရ သတိလစ်ခြင်း၊ စိတ်ချရသောဘေးစောင်းအနေအထားနှင့် စိတ်ပိုင်းဆိုင်ရာဖေးမကူခြင်း သင်ခန်းစာကိုလည်းကောင်း၊ (၂၇-၁၀-၂၀၂၂) ရက်နေ့တွင် အရိုးအဆစ် လွဲခြင်းနှင့် ကြွက်သားများဒဏ်ရာပြုစုခြင်း၊ ရိုးဆက်ကြောများစည်းခြင်း၊ အပူလောင်ခြင်းဒဏ်ရာ အားပြုစုခြင်း၊ အဆိပ်မိခြင်းနှင့် သတ္တဝါများတုပ်ခြင်းကိုက်ခြင်း သင်ခန်းစာကိုလည်းကောင်း၊ (၂၈-၁၀-၂၀၂၂) ရက်နေ့တွင် လူနာသယ်ဆောင်နည်း၊ အထွေထွေကျန်းမာရေးစောင့်ရှောက်ခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းခြင်းသင်ခန်းစာကိုလည်းကောင်း သင်ကြားပေးသွားမည်ဖြစ်ကာ (၂၉-၁၀-၂၀၂၂) ရက်နေ့တွင် စာတွေ့/လက်တွေ့ဖြေဆိုခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းကို ကွမ်းလုံမြို့နယ် အခြေခံပညာအထက် တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(တပ်တွင်း)တို့မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)