ကျိုင်းတုံမြို့၌ တန်ဆောင်မုန်းနှင့်မြတ်ကထိန်အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေး

ကျိုင်းတုံ အောက်တိုဘာ  ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  တန်ဆောင်မုန်းနှင့်မြတ်ကထိန်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို အောက်တိုဘာ ၂၇  ရက် နံနက် ၁၀ နာရီခွဲက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်သီသီဝင်းနှင့်  ဒေါ်ဇင်မာဝင်းတို့က  တန်ဆောင်မုန်းနှင့် မြတ်ကထိန် အကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ တန်ဆောင်မုန်း လနှင့် တန်ဆောင်မုန်းလပြည့်နေ့၏ အနှစ်သာရကားကထိန်ခင်းခြင်း ကုသိုလ်ပင်ဖြစ်ကြောင်း၊ ဘုရားရှင် လက်ထက်တော်မှစတင်ခဲ့သည့် ကထိန်ခင်းခြင်းသည် ယနေ့ထက်တိုင် ကောင်းသော အစဉ်အလာ တစ်ရပ်အဖြစ် သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အတွင်း ပြုလုပ်ကြကြောင်း၊ အဆိုပါကာလအတွင်း ကောင်းမှုကုသိုလ်များ၊ ရဟန်းသံဃာတော်များအား ရည်မှန်းကာ ကထိန်လျာသင်္ကန်းများ လှူဒါန်းခြင်း၊ ဆီမီးပူဇော်ပွဲ များကို နိုင်ငံနှင့်အဝှန်း မိမိတို့သဒ္ဓါပွားများနိုင်သရွေ့ ကောင်းကျိုးများဆောင်ရွက်ကြကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)