မှော်ဘီမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် ပစ္စည်းလှူဒါန်းပွဲကျင်းပ

မှော်ဘီ(ရန်ကုန်)   အောက်တိုဘာ     ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် ပစ္စည်းလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(သန္ဓေပင်)ပညာသန္ဓေခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မှော်ဘီမြို့နယ် ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးမှအဖွင့်အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ယဉ်ဦးခိုင်မှ ထပ်ဆင့်အမှာစကားပြောကြားကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဦးသိန်းလင်းအောင်က အခမ်းအနားပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနည်းစနစ်မှူး ဦးသိန်းလင်းအောင်က အားကစားနှင့်ပတ်သတ်သည့်ပစ္စည်းများအား အခြေခံပညာအထက်တန်းကျောင်း(သန္ဓေပင်)သို့ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုညိုမာမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများမှ အေရိုးဗစ်အားကစားနည်းဖြင့် သရုပ်ပြခြင်း၊ မြို့နယ်အားကစားအဖွဲ့မှ Myanmar Fitness Dance ဖြင့် သရုပ်ပြခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ (ပြန်/ဆက်)